Friday, December 4, 2009

၅၀၀၀ ကျပ်တန် အတုလုပ်သူတချို့ ဖမ်းဆီးရမိဟု ဆို

• Posted by မြို့ စားလေး on December 4, 2009 at 7:30am
• စာပို့ မယ် View မြို့ စားလေး's blog
၅၀၀၀ ကျပ်တန် အတုပြုလုပ်သည်ဟု ယူဆရသော လူငယ်တချို့ကို မကြာသေးခင် ရက်ပိုင်းအတွင်းက ရန်ကုန်မြို့ တွင် ဖမ်းဆီး မိခဲ့ကြောင်း ကြည့်မြင်တိုင် မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

“စီအိုင်ဒီက လွှဲပြောင်း စစ်ဆေးနေပါတယ်၊ ကျနော်တို့က သတင်းအရ ဖမ်းတယ်၊ ၅၀၀၀ တန် အတု သိမ်းဆည်း ရမိတာကတော့ အကုန်လုံး သိပြီးပါပြီ၊ သိမ်းဆည်းရမိတဲ့ သက်သေခံ ပစ္စည်းတွေနဲ့ ပတ်သက်လို့တော့ အသေးစိပ် ပြောလို့မရသေးပါဘူး၊ အခုလို စစ်ဆေးနေစဉ် ကာလအတွင်းမှာ ကျနော်တို့ ပြောပိုင်ခွင့် မရှိပါဘူး၊ ပြီးသွားရင်တော့ ကျနော်တို့ ရှင်းလင်းမှာပါ”ဟု ၎င်းက ဧရာဝတီသို့ ပြောပြသည်။

ယင်း ၅၀၀၀ ကျပ်တန်အတု ပြုလုပ်သူဟု ယူဆရသည့် လူငယ်တဦးကို နိုဝင်ဘာလ ၃၀ ရက်နေ့က ရန်ကုန်မြို့ရှိ စားသောက်ဆိုင် တဆိုင်တွင် စားသောက်နေစဉ် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုလူငယ်နှင့် တရပ်ကွက်တည်း နေထိုင်သူ တဦးကလည်း “ဒီကောင်လေးက သူ့ သူငယ်ချင်း တွေကို မုန့်ဖိုးပေးတယ်၊ နောက်ပြီး စားသောက်ဆိုင် တွေမှာ သွားပြီး စားသောက်ကြတယ်၊ ကာရာအိုကေဆို ပန်းကုံးစွပ်တာတွေ လုပ်ကြတယ်လို့ ပြောတယ်။ စားသောက်ဆိုင် မန်နေဂျာက ၅၀၀၀ တန်တွေကလည်း များနေတယ်၊ ကောင်လေးကိုလည်း မသင်္ကာလို့ သူပေးတဲ့ ၅၀၀၀ တန်နဲ့ ဆိုင်မှာရှိတဲ့ ပိုက်ဆံပြန်တိုက် ကြည့်တော့ သိသွားတာ၊ ဆိုင်ရှင်က ရဲကို လှမ်းအကြောင်း ကြားလိုက်တာမှာ ဖမ်းမိသွားတာ”ဟု ပြောသည်။

၅၀၀၀ တန် အတုလုပ်သူဟု ယူဆရသော လူငယ်သည် အသက် ၂၀ ၀န်းကျင် အရွယ်ဖြစ်ပြီး နယ်မှ လာရောက်ကာ ကမာရွတ်မြို့နယ်၊ အမှတ် ၄ ရပ်ကွက် ၊ ဘုရင့်နောင် လမ်းမအနီး တိုက်အမှတ် ၁၉ တွင် ငှားရမ်း နေထိုင်ကြောင်း၊ ကွန်ပျူတာနှင့် ပတ်သက်သော အလုပ်လုပ်သူ တဦးဖြစ်ကြောင်း သူကပြောပြသည်။

.

ထိုလူငယ်နှင့် ဆက်စပ်နေသည့် တခြားသောလူငယ် ၃ ဦးလည်း ဖမ်းဆီးခံရကြောင်း နီးစပ်သူများက ပြောဆိုသည်။

စတင်ထိန်းသိမ်း ခံရစဉ်က ထိုလူငယ် ၃ ဦးကို မိဘများက သွားရောက် တွေ့ ခွင့်ရရှိခဲ့ပြီး ယခု နောက်ပိုင်း လုံးဝ တွေ့ခွင့် မရတော့ကြောင်း နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ဆက်လက်စုံစမ်း စစ်ဆေးနေသည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။

ရန်ကုန်မြို့ရှိ အစိုးရ ၀န်ထမ်းတဦးက “အခု တချို့ဈေးတွေမှာ ၅၀၀၀ တန်ပေးရင် ဈေးသည်တွေက မယူချင်ကြဘူး၊ အတုတွေ ကလည်း ဈေးကွက်ထဲမှာ ဘယ်လောက်ထိ ရောက်နေမှန်းလည်း မသိဘူး၊ လူတော်တော် များများက ၅၀၀၀ တန်နဲ့လည်း မရင်းနှီးဘူးလေ”ဟု ဆိုသည်။

အဆိုပါ ၅၀၀၀ ကျပ်တန် ငွေစက္ကူ အသစ်က အစိုးရက ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီသတင်းဌာနမှ ဆောင်းပါးရှင်ခိုင်ရီရေးသားထားသော ဆောင်းပါးအား ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်
http://www.irrawaddymedia.com/bur/index.php?option=com_content&...

.

No comments: